ပညာရေးဟုဆိုသည်နှင့် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီး သောမဏ္ဌိုင်တစ်ခုဖြစ်သည်ကို မည်သူမျှငြင်း၍ရမည် မဟုတ်ပါ။ ပညာဖြင့်သာနိုင်ငံကိုတည်ဆောက် ကြရပါသည်။
ပညာရေးစနစ်ဆိုသည်မှာလည်းပညာရေး လုပ်ငန်းကြီး တစ်ခုလုံးကို လည်ပတ်စေသော ရေစီးကြောင်း တစ်ခုဖြစ်ပါသည်။ပညာရေးအင်ဂျင် များဖြစ်သော ဆရာ၊ဆရာမများက ကုန်ကြမ်း ဆိုသောကျောင်းသူကျောင်းသားများကို ကုန်ချော အဖြစ် တနည်းအားဖြင့် တန်ဖိုးရှိသော လူသားများ အဖြစ်ပညာရေးဂဏ္ဌမှ ပုံဖော်ကြရသည်။
ရှေးယခင်ခေတ်များက ဘုန်းတော်ကြီးသင် ပညာရေးစနစ်တစ်ခုတည်းကိုသာ အားထားခဲ့ကြရ သည်။၎င်းပညာရေးစနစ်သည် TCAဟုခေါ်သော ဆရာဗဟိုပြုစနစ်ဟု သုံးသပ်ကြသည်။ ကျောင်းသူ ကျောင်းသားအား တွေးတော စဉ်းစားနိုင်သောဉာဏ်
(thinking)ကို ပိတ်ပင်ရာရောက်သည်ဟု တနည်းအား ဖြင့် မကောင်းဟု ဆိုပြီး (CCA)/(CFS)စနစ်ကို ပုံဖော်လာပါသည်။
မြန်မာနိုင်ငံတွင် ပညာရေးစနစ်ကောင်း တစ်ခုကို ပုံဖော်လာခဲ့သည်မှာ ကျွနှ်ုပ်တို့တစ်သက် ရှိပါပြီ။ ယင်းနှင့်အတူ အခြေခံပညာကျောင်းများလည်း အရေအတွက်များလာပါသည်။ကျေးရွာတိုင်းနီးနီးတွင် မူလတန်း/မူလွန်/လ-ခွဲ ကျောင်းများရှိလာပါပြီ။
ယခုနောက်ပိုင်းဖွင့်သော မူလွန်ကျောင်းများ တွင် ၅-တန်း၊၆-တန်းအထိ သင်ကြားနိုင်ပါသည်။ ကျောင်းသူကျောင်းသားများ အတွက်မိမိရပ်ရွာတွင် ပညာဆက်လက်သင်ကြားရခြင်းသည် အခွင့်ကောင်းတစ်ခုပင်ဖြစ်ပါသည်။သို့သော် ၅-တန်း၊၆-တန်း ပြီးပါက ပညာရေးဆုံးခန်းတိုင်ပြီလော။
၅၊၆-တန်းပြီးသော် ၇၊၈၊၉၊၁၀အတန်းများ သင်ကြားရန် နီးစပ်ရာရပ်ရွာ သို့မဟုတ် မြို့သို့တက် ပြီးသင်ကြားရပါသည်။ထိုအခါ သွားရေးလာရေး ပြဿနာ ရှိလာခဲ့ပါပြီ။
မူလွန်ကျောင်းများမရှိသေးခင်ကာလက မူလတန်းပြီးလျှင် မြို့သို့သွားပြီးကျောင်းတက်ခဲ့ ကြရသည်။မိဘများကလည်း မိမိ၏သားသမီး များကို မြို့ကအိမ်တစ်အိမ်တွင် နေစရိတ် စားစရိတ်ပေး၍ ကျောင်းထားပေးကြရပါသည်။ ယနေ့အချိန်အခါတွင် မိမိတို့၏ရွာ အနီးအနား၌လ-ခွဲ၊ ထခွဲများ ရှိနေပြီဖြစ်၍ မြို့သို့သွားပြီး ကျောင်းမထားကြတော့ပေ။ မိမိအိမ်မှ နေ့ချင်းပြန် ကျောင်းတက်ရန် ဖန်တီးကြသည်။ မိဘ အနေဖြင့်လည်း မိမိ၏သားသမီးများကို မိမိ၏မျက်စိ အောက်တွင် ထားရ၍ စိတ်ကျေနပ်ကြရသည်။ သို့သော် သွားရေးလာရေး အခက်အခဲများ ရှိလာ ပါသည်။
အထူးသဖြင့် ကျွနှုှုပ်တို့ ရခိုင်ပြည်နယ်ဆိုလျှင် သွားရေး လာရေး ပိုမိုခက်ခဲသည်ကိုတွေ့ရသည်။ မြစ် ချောင်းပေါများခြင်း တောင်ကုန်းတောင်တန်းများရှိုခြင်းတို့က အဓိကကျပါသည်။ မြစ် ချောင်းများနှင့် နီးစပ်သောဒေသများတွင် ကျောင်းတက် ကျောင်းဆင် အတွက်စက်လှေများကို အားကိုးကြရသည်။ ကုန်းပိုင်း ဒေသရှိကျောင်းသူကျောင်းသားများမှာလည်း ကား သုံးဘီး ထော်လာဂျီ များကိုအားကိုးကြရပြန် သည်။အလွန်အန္တရယ်များသော သွားလာရေးခရီး ဖြစ်ပါသည်။
ကျောင်းသူကျောင်းသားများအတွက် စိုးရိမ် စရာကောင်းလှပါသည်။ ၁၉.၈.၁၆နေ့က ရခိုင်ပြည် နယ် ရသေ့တောင်မြို့နယ်မှ အ.ထ.က ကျောင်းသို့ တက်ရန်လာသော စက်လှေ နစ်မြုပ်သော ပြဿနာ ကိုကြည့်ပါ။ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှုကိုကြည့် ပါ။အခြားသတင်းမတက်သော ပြဿနာများ မည်မျှ ရှိပါမည်နည်း။
ယခင်ကဆိုလျှင် မူလတန်းကျောင်း တစ် ကျောင်း၌ အလယ်တန်းတွဲဖက် စနစ်ရှိခဲ့ကြပါသည်။
(ပညာတန်ဆောင် စာစီစာကုန်း၊ကဗျာ ပြိုင်ပွဲများမှာ ပင်လျှင်" မည်သည့်တွဲဖက်ကျောင်းမှမဆို ပြိုင်ပွဲဝင် နိုင်ကြောင်း " ဟုမှတ်ချက်အနည်ဖြင့် တွဲဖက်စနစ် ကိုအသိအမှတ်ပြုခဲ့ပါသည်။)တွဲဖက်စနစ်ဆိုသည်မှာ မူလတန်းကျောင်းတစ်ကျောင်း၌ မူလတန်းအပြင် ၅-တန်းမှ ၈-တန်း အထိ အပြင်မှအတွေ့အကြုံရှိသော ဆရာ ဆရာမ များအားခေါ်၍ သင်ကြား စေသော စနစ်ဖြစ်ပါသည်။ ယင်း၅-တန်းမှ ၈-တန်းအထိ ကျောင်းသားများကို သက်ဆိုင်ရာ နယ်မြေ အလက/အထက များတွင်ကျောင်းသားစာရင်းသွင်းရပါသည်။
ဤသို့တွဲဖက်စနစ် ရှိခြင်းကြောင့် ငွေရေးအရ မြို့ပေါ် တွင်သွားရောက် ပညာမသင်ကြားနိုင်သော ကျောင်းသားများမှာ တွဲဖက်ကျောင်း၌ သင်ကြားခွင့် ရကြပါသည်။အလယ်တန်းအဆင့် ပြီးမြောက်သည် အထိပညာသင်ကြားခွင့်ရကြပါသည်။
ယခုအခါ တွဲဖက်စနစ် ပျောက်လုနီးပါး ဖြစ်ပါလိမ့်မည်။မူလွန်၊ လခွဲ၊ထခွဲများ ပွင့်လာခြင်း ကြောင့်ဟုဆိုနိုင်ပါသည်။ ပိုမိုကောင်းမွန်သော ပြောင်းလဲမှုတစ်ခုပါ။သို့သော် မူလွန်အဆင့်၌ ၅/၆ လောက်ကိုသာ သင်ကြားခွင့်ရသည့်အတွက် ၇၊၈ အတန်းများကို အခြားကျောင်းများသို့သွား၍ သင်ရပြန် ပါသည်။
ကျူရှင်မပြရ ဥပဒေ ကြောင့်လည်း တွဲဖက် စနစ်ကိုရပ်ရွာများတွင် အကောင်အထည်မဖော် ဝံ့ကြတော့ချေ။ ပြသမည့် ဆရာ ဆရာမများမှာလည်း နောက်တွန့်သွားကြရသည်။
ရခိုင်ပြည်နယ်တွင် ကျောင်းသူ ကျောင်းသား များကျောင်းတက်ရန်သွားသော စက်လှေနစ်မြုပ် ခြင်းမှာ ၂ ခါမကတော့ပေ။ ကုန်းလမ်းခရီးတွင်လည်း ထော်လာဂျီ သုံးဘီး ဘယ်လောက် မှောက်ပြီးပါသလဲ။ လူအသေအပျောက်မရှိ၍ သတင်းမတက်ခြင်းသာ ဖြစ်ပါသည်။
ရေကြောင်းခရီးအတွက် အသက်ကယ် အင်္ကျီ ဖြင့်ရသော်လည်း ကုန်းလမ်းခရီးအတွက်မူ မည်သို့ စဉ်းစားရမည်နည်း။
ပြဿနာတစ်ရပ်ကိုဖြေရှင်းမည်ဆိုလျှင် ရောဂါ တစ်ခုကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသသကဲ့ သို့ ဖြေရှင်းရန်လိုအပ်ပါသည်။ လတ်တလော သက်သာရုံ နေကာင်းရုံမျှဖြင့် ကုသ၍မရချေ။သို့မ ဟုတ်ပါက မကြာမီယင်းရောဂါ ပြန်ပေါ်လာပါလိမ့် မည်။ ကျွနှ်ုပ်တို့ ရခိုင်ပြည်နယ်တွင် ရေလမ်းခရီး၌ ကျောင်းတက်နေရသော ကျောင်းသား ကျောင်းသူ မျာကို အသက်ကယ်အင်္ကျီ ဝတ်ပေးစေကာမျှဖြင့် ခရီးအခက်အခဲပြဿနာကို သက်သာရုံမျှ ကုသ ပေးနေကြရသည်။
ပညာရေးအတွက် ကျေးရွာတိုင်း ကျေးရွာ တိုင်းတွင် အနည်းဆုံး လ-ခွဲ အဆင့်ရှိသင့်ပါသည်။ ကျောင်းသားဦးရေ မရှိဟုဆိုချင် ဆိုနိုင်ပါသည်။
တစ်ခါကသတင်းတစ်ပုဒ် ဖတ်လိုက်ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင်ဖြစ်သည်။ ကျေးရွာ တစ်ရွာနှင့် ဆက်သွယ်ထားသော မီးရထားလမ်းကို ယင်းရွာက ရွာသူရွာသားများ ရထားမစီးကြတော့၍ ပိတ်မည်ဟု အဆိုပြုကြပါသည်။ သိုသော် ယင်းရွာက ကျောင်းသူ တစ်ဦးမှာ ယင်းရထားလမ်းမှ ရထားဖြင့် နေ့တိုင်း ကျောင်းတက် ကျောင်းပြန် သွားနေသည်ကို တွေ့ရှိရ ၍ ရထားနှင့်ရထားလမ်းကို မပိတ်ဖြစ်လိုက်ပါ။(သတင်းမမှန်ဆိုပါစေဦးတော့။ လူ့အဖွဲ့အစည်းတစ်ခုသည် ယင်းသို့ ဖြစ်နေရမည် ဟုယူဆပါသည်) ကျောင်းသူတစ်ဦး အတွက်သုံးစွဲလိုက်သော ရထား လမ်းတစ်ခုဖြစ်သွားပါသည်။ လေးစားအတုယူ စရာ လူ့အဖွဲ့ အစည်းတစ်ခု ဟုယူဆမိပါသည်။ ယင်းသည် ပင်လျှင် လူ့အခွင့် အရေး မဟုတ်ပါလော။
ကျွနှ်ုပ်တို့ ကျေးရွာ များတွင်လည်းလ-ခွဲအဆင့် ကျောင်းမရှိသင့်ပါလား။ ကျောင်းသူ တစ်ယောက် တည်းမဟုတ်ပါ။ အနည်းဆုံး ၁၀ ဦးနှင့် အထက် ရှိပါ လိမ့်မည်။ အရည်အတွက် နည်းချင်နည်းပါလိမ့်မည်။ အရည်အချင်းနည်းချင်နည်းပါလိမ့်မည်။ သို့်သော် သူတို့သည် ပညာသင်ကြားခွင့် အပြည့်အဝ ရှိကြပါ သည်။
ကျောင်းသတစ်ယောက်သည်အနည်းဆုံး အလယ်တန်းအဆင့်ကို မကြောင်းကြ မတောင့်တ သင်ကြားခွင့်ရှိရပါမည်။ ထိုသို့ သင်ကြားခွင့်ရရန် မည်သူတို့၌ တာဝန်ရှိပါသနည်း။
လက်ရှိအစိုးရတွင်တာဝန်ရှိပါသည်။ တာဝန် ယူရပါမည်။ ဖြေရှင်းရပါမည်။
ဂေါရာတစ်ခုကို လုံးဝပျောက်အောင် အကောင်းဆုံး မကုသနိုင်သေးပါက ယခင်သုံးစွဲခဲ့ သောဆေးများ ယခုသုံးစွဲနေသော ဆေးများကို စီစစ် ရပါမည်။( ၁)ပုဂ္ဂလိကကျောင်း၊ အစိုးရကျောင်း၊ တွဲဖက်စနစ် များကိုပြန်လည်သုံးသပ်ရပါမည်။ (သို့မဟုတ်ပါက)(၂)ကျောင်းတိုင်းနီးပါးကို လ-ခွဲ အဆင့်ထိ တိုးမြှင့်သင့်ပါသည်။ (သို့မဟုတ်ပါက) လမ်း၊ တံထား အဆင်ပြေစေရန် စီစဉ်ပေးရပါမည်။ သို့မှသာ ကျွနှုှုပ်တို့၏ အနာဂတ်ကြယ်ပွင့်များ၏ ဘဝ အနာဂတ် လှပမည် ဖြစ်ပါကြောင်း အကြံပြုရေး သားလိုက်ပါသည်။
(နီဝန်းသစ်)
Wednesday, December 28, 2016
ရောဂါနှင့်ဆေး(ဆောင်းပါး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment